နမ့်ဆန် စက်တင်ဘာ ၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင်(၅၁)နှစ်မြောက် တအာင်း(ပလောင်)စာပေနေ့အခမ်းအနားကို ဩဂုတ် ၃၀ ရက်နေ့ နံနက်(၉)နာရီအချိန်က မင်္ဂလာရပ်ကွက်ရှိ မြန်မာနိုင်ငံတအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီရုံးတွင် ကျင်းပခဲ့ရာ ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအသီးသီးမှ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တအာင်း(ပလောင်)အမျိုးသားသီချင်းကို ဖွင့်လှစ်အလေးပြုပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားရာ ကြွရောက်လာကြသော ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ အကြီးအကဲများ၊ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများတို့အား ကြိုဆိုပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့သည့် နေ့ထူးနေ့မြတ်အား ပြန်လည်ကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တအာင်း(ပလောင်)စာပေနှင့်ယဉ်ကျေးမှု မပျောက်ပျက်အောင် ဆက်လက်ထိမ်းသိမ်းသွားသင့်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြန်မာနိုင်ငံတအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးစောလွင်က မြန်မာနိုင်ငံသို့ တအာင်း(ပလောင်) တိုင်းရင်းသွားများ စတင်ဝင်ရောက်အခြေချလာပုံသမိုင်း၊ တမူတည်းသော တအာင်း(ပလောင်)စာပေဖြစ်ပေါ်လာပုံ၊ တအာင်းစာပေကိုပြုစုခဲ့သော စာပြုပုဂ္ဂိုလ်များနှင့် တမူတည်းသောစာပေဖြစ်ပေါ်လာဖို့ တအာင်းတက္ကသိုလ်ကျောင်းသားများ၏ လှုပ်ရှားဆောင်ရွက်သည့် ပုံများစသည့်သမိုင်း အကျဉ်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တစ်မူတည်းသော စာမူဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော တအာင်း(ပလောင်) စာပေဖြစ်မြောက်ရေးကော်မရှင်များအား ဂါရဝဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)