ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သိရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားများကျင်းပ

ရန်ကုန် စက်တင်ဘာ ၁  

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာ‌အေးစေတီတော်တို့၌  မေတ္တာအခါတော်နေ့ အခမ်းအနားများကို စည်းကားစွာ ကျင်းပလျက်ရှိသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်  ၁၃၈၅ ခုနှစ် ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားများကို ယမန်နေ့နံနက်(၅)နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်၊၊

ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော် ဆက်ကပ်ပူဇော်ပွဲကို  စေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ ဂေါပကအဖွဲ့ဝင်များနှင့်ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများဖြင့် ကပ်လှူပူဇော်ကြသည်၊၊

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့) အသံမစဲမေတ္တာပို့အောင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကိုပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအားဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှန်းဂါထာရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ ပြုလုပ်ဆောင်ရွက်ကြသည်၊၊

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့်ဘုရားဖူးလာပြည်သူများက ပန်းစေတီများပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး စေတီတော်ရင်ပြင်အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားအာရုံခံတန်ဆောင်းမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ပန်းစေတီများကို ဆက်ကပ်ပူဇော်ကြသည်၊၊

ထို့နောက် ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချအနုမောဒနာ အခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပရာရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒစရိယရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဒ္ဓိပိဋကဓရသာကေတမြို့နယ်တိပိဋကလင်္ကာရကျောင်းတိုက် ဆရာတော်ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ  ဂေါပကအဖွဲ့ဝင်များ၊ ဘာသာဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက ကိုးပါးသီလခံယူဆောက်တည်ကြသည်၊၊

ယင်းနောက်ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်၊၊

ယင်းနောက် သာကေတမြို့နယ်တိပိဋကလင်္ကာရကျောင်းတိုက်ဆရာတော် ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြပြီး ဩဝါဒစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်၊၊

အလားတူ ဆဌသင်္ဂါယနာသာသနာ့သမိုင်းဝင်သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့) သက်လွှတ်ပွဲနှင့် ဓမ္မပူဇာမင်္ဂလာသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ဂေါပကရုံးတွင်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက နတ်ဗြဟ္မာများကိုပင့်ဖိတ်ခြင်း၊ သမ္မာသမ္ဗုဒ္ဓသုံးလောကထွဋ်ထား မြတ်စွာဘုရားကိုပင့်လျှောက်ခြင်းနှင့် ကမ္ဘာအေးဘုရားရှိခိုးဖြင့်ပူဇော်ကန်တော့ကြသည်။  

ထို့နောက် စေတီတော်ဂေါပကဦးသိန်းဦးက မေတ္တာအခါတော်နေ့မေတ္တသုတ်ဓမ္မပူဇာ မင်္ဂလာထောပနာအားမြွတ်ကြား၍ ဝတ်အသင်းအဖွဲ့များက မေတ္တသုတ်အမွှန်းနှင့် မေတ္တသုတ်ပါဠိတော်များကိုရွတ်ဆိုခြင်း မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်းတို့ကိုအစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍သက်လွှတ်ပွဲကိုကျင်းပရာ ဂေါပကအဖွဲ့ဝင်များဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ငှက်များကိုဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)