ရခိုင်ပြည်နယ် မောင်တောမြို့၌  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ပို့ချပေး

မောင်တော  စက်တင်ဘာ   ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ  ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စ၍ ငါးခူရကျေးရွာတွင် ဖွင့်လှစ် ပို့ချပေးလျက်ရှိသည်။

အဆိုပါ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို  ကျေးရွာများရှိ အမျိုး သမီးများအနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုတတ်မြောက်ခြင်း အားဖြင့် လူငယ်များလမ်းမှားမရောက်စေဘဲ ၊ ပညာရေးတစ်ပိုင်းတစဖြင့် အနာဂါတ်ဘဝများ မပပျောက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေခြင်းကြောင့် မိသားစုတစ်ပိုင် တစ်နိုင် ဝင်ငွေတိုးပွားလာနိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ ဘာသာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ရာ  သင်တန်းကို နည်းပြ ၁ ဦးက သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသူ ၂၀ ဦးက တက်ရောက်သင်ယူလျက်ရှိရာ သင်တန်း ကာလမှာ ငါးရက်တာဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)