သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင်(၅၂)ကြိမ်မြောက်အဖြစ် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးသွားမည်

သီပေါ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခဲ့ရာ (၅၁)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုအား (၅၂)ကြိမ်မြောက်အဖြစ် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက် နေ့မှ(၂၃) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက် စမ်းသပ်ကုသနိုင်ကြောင်းနှင့် (၁)ကြိမ်မှ (၅၁)ကြိမ်အထိ မျက်စိစမ်းသပ်လူနာ(၃၄၂၀၉)ဦးနှင့် ခွဲစိတ်လူနာ(၈၁၅၁)ဦး တို့အား စမ်းသပ်ကုသခွဲစိတ်ပေးနိုင်ခဲ့ကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)