ညောင်ဦး၊ အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ဩဇာသီးများလှိုင်လှိုင်ပေါ်ချိန် ပခုက္ကူ၊ ညောင်ဦးဈေးကွက်ကိုသာ မှီခိုရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ ဩဇာခြံစိုက်ပျိုးထားသည့် ဦးညွန့်ဝင်းက ပြောကြားသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် နဂါးလည်၊ လျှော်တော၊ ဆည်၊ ဆည်းမ၊ လွန်အိုင်၊ ဘိုတဲ၊ ဆင်ဆင်း၊ ဆုံကုန်း၊ ဆည်ပေါက်၊ ပုပ္ပား၊ ပုပ္ပားလွင်ကျေးရွာများသည် ဩဇာသီးအမြောက်အများထွက်သည့်ကျေးရွာများဖြစ်ကြကာ ယခုနှစ်ဩဇာသီးထွက်ရှိချိန် ရန်ကုန်ဈေးကွက်နှင့် မန္တလေးဈေးကွက်သို့တင်ပို့ ရောင်းချနိုင်ခြင်းမရှိသောကြောင့် အနီးအနားမြို့များသို့ ကိုယ်တိုင်သွားရောက်ရောင်းချခြင်းနှင့် ဩဇာသီးပွဲစားများလာရောက်ဝယ်ယူချိန် ရောင်းချနေရကြောင်း သိရသည်။ မနှစ်က ဩဇာသီးသုံးဆယ်ပါ သေတ္တာတစ်လုံး ၁၅၀၀ ကျပ်ဖြင့် ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချခဲ့ရကြောင်း၊ ယခုနှစ် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လာရောက်ဝယ်ယူမည့်ပွဲစားများမရှိခြင်းကြောင့် ဩဇာသီးဈေးကွက်ပျက်ကာ ဩဇာသီးခြင်းကြားတောင်းတစ်လုံးလျှင် တစ်သောင်းခြောက်ထောင်ကျပ်ဖြင့် တောင်းပြတ်ရောင်းချနေရကြောင်း ခြင်းကြေားတောင်းတစ်လုံးတွင် ဩဇာသီး ၂၈၀ လုံးခန့်ပါကြောင်း၊ ပုပ္ပားပတ်ဝန်ကျင်ကျေးရွာများမှ ဩဇာသီးဝယ်ယူပြီး ပခုက္ကူမြို့၊ ညောင်ဦးမြို့သို့ သွားရောက်ရောင်းချနေသည့် ဒေါ်ချိုချိုဝင်းကပြောကြား၍ သိရသည်။
ပုပ္ပားပတ်ဝန်းကျင်ကျေးရွာများတွင် ဩဇာပင်အား ယာမြေ၊ လယ်မြေ၊ ငှက်ပျောခြံများတွင် စိုက်ပျိုးထားပြီး မည့်သည့်ဆေးမျှ ဖြန်းပက်ရခြင်းမရှိပဲ သဘာဝအတိုင်းထားကာ ဩဇာသီးရင့်ချိန်ခူပြီးရောင်းချခြင်းဖြစ်ကြောင်း လျှော်တောကျေးရွာ ဦးမောင်ညိုက ရှင်းပြ၍သိရပြီး ဩဇာသီးများလှိုင်လှိုင်ပေါ်ချိန် ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့၊ ပခုက္ကူမြို့နှင့် မိတ္ထီလာမြို့များသာအားထားရောင်းချနေရကြောင်း သိရသည်။
ကိုထိန်၊ KPD