ကျောက်မဲ စက်တင်ဘာ ၁
ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် ၂ နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း MCCT အစီအစဉ်အရ နိုင်ငံတော်မှ ကျောက်မဲမြို့နယ်ရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၂ နှစ်အောက်ကလေးများအား တစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၅၀၀၀- ကျပ်နှုန်းဖြင့် လစဉ်ထောက်ပံပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန် လများအတွက် ၃ လစာထောက်ပံ့ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီနှင့် ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု၏ တာဝန်ရှိသူများလက်ဝယ်သို့ ယမန်နေ့နေလယ် ၁၂ နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ထုတ်ပေးရာတွင် ကျောက်မဲမြို့နယ်အတွင်းရှိ ကိုဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးပေါင်း ၁၉၄၃ ဦးတို့အတွက် ထောက်ပံ့ငွေ ၃ လစာ ၈၃၈၈၀၀၀၀-ကျပ်သိန်း ရှစ်ရာကျော်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုတာဝန်ရှိသူများ လက်ဝယ်သို့ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုမှ တာဝန်ရှိသူများက သက်ဆိုင်ရာကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် ၂ နှစ်အောက်ကလေးများ လက်ဝယ်အရောက် ထပ်ဆင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အလားတူ မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)