ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်များ စိုက်ထည့်

ပွင့်ဖြူ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ဩဂုတ် ၃၀ ရက်၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ ၁၅၀၀၀၀ အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားသို့ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးသားဖောက်စခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ငါးသယံဇာတ ဖူလုံစေရေးအတွက် မုန်းချောင်းသဘာဝရေပြင်အတွင်း နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ ၁၅၀၀၀၀ အား စုပေါင်း မျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းရှိ ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နှစ်စဉ် မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းလုပ်ငန်းကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့်အပြင် မြို့နယ်ငါးသားဖောက်စခန်းကလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းနှင့် အခြေခံငါးမွေးမြူရေးဆိုင်ရာ သင်တန်းများကိုလည်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းထံမှ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )