မော်လမြိုင် စက်တင်ဘာ ၁
မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုသန်းခေါင်စာရင်းကော်မရှင်ရဲ့ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ သန်းခေါင်စာရင်းအကြောင်း၊ သန်းခေါင်စာရင်းရဲ့ ဝိသေသလက္ခဏာများ၊ မြန်မာနိုင်ငံမှာကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများရဲ့ သမိုင်းကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရခြင်းရဲ့ ရည်ရွယ်ချက်များနဲ့ အကျိုးကျေးဇူးများ၊ ၂၀၂၄ ခုနှစ်မှာ ထပ်မံကောက်ယူမယ့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လက်ရှိဆောင်ရွက်နေတဲ့ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ချမှတ်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရန် စာရင်းကောက်ယူရာတွင်လည်း တွေ့ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် စမ်းသပ်သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ မြို့နယ်(၂၀)အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀)မှာ ဆောင်ရွက်သွားရန်ကိုလည်း ခွင့်ပြုထားပြီး မွန်ပြည်နယ်အနေဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလအတွင်း မော်လမြိုင်မြို့နယ်တွင် စာရင်းကောက်ကွက်(၃)ကွက်ကို ကောက်ယူသွားမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းသည် အားလုံးနဲ့သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာဌာနများက နည်းပညာအပါအဝင် သန်းခေါင်စာရင်းလုပ်ငန်းကို အထောက်အပံ့ဖြစ်စေမည့် အရင်းအမြစ်များကို အကျိုးရှိရှိမျှဝေသုံးစွဲကြဖို့ အလေးအနက်ထားမှာကြားလိုပါကြောင်း၊ ယခင်သန်းခေါင်စာရင်းများအတိုင်း အရည်အသွေးကောင်းမွန်ပြည့်စုံအောင် ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပြီး အဆိုပါလုပ်ငန်းသည် မိမိတို့နိုင်ငံရဲ့ စိန်ခေါ်မှုများကြားက အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမှာဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးဦးမြတ်သွင်မှ မွန်ပြည်နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ တာဝန်ရှိသူများမှ အကြံပြုဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)