ညောင်ဦး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သမိုင်းအထင်ကရဘုရားများတွင် ရောင်းချနေသည့် ဈေးသည်များ ဈေးဆိုင်ခန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ စည်းစနစ်ကျစွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သက်ဆိုင်ရာဌာနဆိုင်ရာများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရားနှင့်ပြဿဒ်ကြီးဘုရားတို့တွင် ရောင်းချလျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ ဈေးဆိုင်ခန်းများ၊ ဈေးသည်များအား စည်းစနစ်ကျစွာ ရောင်းချနိုင်ရေးအတွက် ဈေးရောင်းချရာတွင် ရှေးဟောင်းဘုရားများထိခိုက်နိုင်သည့် ဈေးရောင်းချမှုများ၊ ရှေးဟောင်း ဘုရားများ မြင်ကွင်းကွယ်စေမည့် ဈေးရောင်းချမှုများ၊ ဘုရားဖူးလာရောက်သူများ စိတ်အနှောက်အယှက်ဖြစ်စေမည့် ဈေးရောင်းချမှုများနှင့် ဒေသခံပြည်သူများ ဈေးရောင်းချရာတွင် ရှေးဟောင်းအဆောက် အအုံများထိခိုက်စေမည့် ဈေးရောင်းချမှုများမရှိစေရန်နှင့် ဈေးဆိုင်ခန်းများ ရှေးဟောင်းဘုရားများဝင်းအပြင်ဘက် ဆောက်လုပ်ရာတွင် စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းအား ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)၊အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒေါ်ငြိမ်းငြိမ်းလှ (ဦးစီးမှူး)၊ စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်ဆွေနွယ်လွင် (လက်ထောက်ညွှန်ကြားရေးမှူး) တို့ပူးပေါင်းကာ ဘုရားကြီးအပြင်ဘက်၊ အတွင်းဘက်တို့တွင် ရောင်းချလျက် ရှိသော ပုဂံဒေသထွက် လက်ဆောင်ပစ္စည်း ရောင်းချလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား ဒေသထွက်ယွန်းထည်နှင့် ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးနှင့် ပုဂံဒေသထွက်ပစ္စည်းများ နိုင်ငံတကာ ခရီးသွားများကျယ်ပြန့်စွာ သိရှိဝယ်ယူအသုံးပြုနိုင်ရေး အားမြှင့်တင်ဆောင်ရွက်ရန်၊ ဈေးဆိုင်ခန်းများစည်းစနစ် တကျရှိစွာ ကြီးကြပ်ဆောင်ရွက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှု ရှိစေရေးနှင့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စို့စွာ ပါရှိ ရေးတို့အတွက် ရောင်းချနေသည့်ဆိုင် ခန်းများစစ်ဆေးခြင်း၊တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း