နမ့်ခမ်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်တအာင်းခန်းမဆောင်၌ မြို့နယ်တအာင်း(ပလောင်)စာပေနှင့် ယဥ်ကျေးမှုကော်မတီက သြဂုတ်လ(၃၀)ရက်နေ့တွင် ကျရောက်လာသည့် (၅၁)နှစ်မြောက် တအာင်းစာပေနေ့ အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၃၀ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျင်းပသည့် တအာင်းစာပေနေ့အခမ်းအနားသို့ မြို့နယ်အတွင်းရှိ တအာင်းသံဃာတော်များ၊ မြို့နယ်တအာင်းစာပေနှင့်ယဥ်ကျေးမှုကော်မတီဝင်များနှင့် တအာင်းလူငယ်မောင်မယ်များမှ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပင့်ဖိတ်တအာင်းသံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များထံ ပရိတ်တော်ဂုဏ်တော်နှင့် ကမ္မဝါစာများကြားနာ၍ ကွယ်လွန်လေပြီးသော တအာင်းစာပြုပုဂ္ဂိုလ်များနှင့် စာပေပြုစုသည့် အလုပ်အမှုဆောင်များအား အမျှဝေကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချလှူဒါန်းခဲ့ပါသည်။
ထို့နောက် မြို့နယ်တအာင်းသံဃာတော် ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်မှတအာင်းစာပေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရေးအတွက် သြဝါဒစကားမိန့်ကြားပေးပြီး မြို့နယ်တအာင်း (ပလောင်)စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ကျော်မှ စာပေနေ့အထိမ်းအမှတ် ကျင်းပရခြင်းအတွက် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှု(ဗဟို)ကော်မတီမှ ပေးပို့လာသည့်(၅၁)နှစ်မြောက် တအာင်းစာပေနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အလုပ်အမှုဆောင် ဉီးမိုင်းလှအောင်မှ ဖတ်ကြားပေးခဲ့ပါသည်။ နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တည်ဆောက်ထားသည့် ခန်းမဆောင်အတွက် (Trrawaddy Gteen Tower Co.Lad) မှ အလှူငွေကျပ်(၆၀)သိန်း လှူဒါန်းပေးခဲ့ရာ လှူဒါန်းမှုအတွက် မြို့နယ်တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားပြီးဆုံးပြီးနောက် ကြွရောက်လာကြသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား တိုင်းရင်းသားရိုးရာ ထမင်းဟင်းတို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
တအာင်း(ပလောင်) စာပေဖြစ်မြောက်ပေါ်ထွန်းလာစေရေးအတွက် ကာယဉာဏအားတို့ဖြင့် စာပေပြုစုကြသည့် တအာင်းစာပြုပုဂ္ဂိုလ်မှာ ရဟန်းသံဃာတော်(၃)ပါးနှင့် လူပုဂ္ဂိုလ်(၆)ဦး တို့အပါအဝင်(၉)ဦး ရှိခဲ့ပြီး ယခုအနှစ်တွင် သက်ရှိကျန်ရစ်သူ တစ်ဦးတစ်ယောက်မှမရှိတော့ပါကြောင်း၊ တအာင်းစာပေ စတင်အတည်ပြုခဲ့သည့် အထိမ်းအမှတ်ကျောက်စာတိုင်ကို နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာ၌ စိုက်ထူထားရှိပါကြောင်း နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်) စာပေနှင့်ယဉ်ကျေးမှုကော်မတီထံမှ သိရှိရပါသည်။
နမ့်ခမ်း(ပြန်/ဆက်)