ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ အခြေပြုပူးပေါင်းစစ်ဆေးရေးဂိတ်၌ အဝေးပြေးကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ နှာခေါင်းတို့ဖတ် ရယူစစ်ဆေးရာ (၂) ဦး ပိုးတွေ့ရှိ

ပြင်ဦးလွင်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ (၁) နာရီမှ စတင်ပြီး ပြင်ဦးလွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ အမှတ်(၁) တပ်မတော်စစ်ဆေးရုံ ကုတင် (၇၀၀)မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ သွားရောက်မည့် ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Diagnosis Test များဖြင့်  ပထမအသုတ်စစ်ဆေးခဲ့ရာ (၂) ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရှိရပါသည်။
မြို့နယ်အတွင်းဖြတ်သန်း၍ ရှမ်းပြည်နယ်သို့ သွားရောက်မည့်အဝေးပြေး ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စုစုပေါင်း (၂၁၉) ဦးတို့ကို နှာခေါင်းတို့ဖတ်ယူစစ်ဆေးပေးခဲ့ပြီး ယနေ့စစ်ဆေးမှုတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂) ဦး ရှိပြီး လိုအပ်သည့်ကု သမှုများအတွက် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ပို့၍ ကုသမှုခံယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်ကားကြီးကွင်းအတွင်း အောက်တိုဘာ (၃) ရက်နေ့စစ်ဆေးမှုတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၁) ဦးနှင့် ဝက်ဝံကျေးရွာ အခြေပြုပူးပေါင်းစစ်ဆေးရေးဂိတ်၌ အဝေးပြေးကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား အောက်တို ဘာ (၇) ရက်နေ့ မှ ယနေ့အထိ လူဦးရေ (၂၀၀၀) ကျော် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၄) ဦး၊ စုစုပေါင်း (၅) ဦးခန့်ရှိပြီဖြစ်ပြီး ဆက်စပ်ထိစပ်မှုရှိနိုင်သည့်သူများအား ဆက်လက်စုံစမ်းပြီး ဆောင်ရွက်သင့်သည်များအား လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
မြတ်ဆုမွန်