မူးယစ်ဆေးဖြတ်ပြီးသူများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူရန်မှာ များစွာလိုအပ်

တာမွေ    စက်တင်ဘာ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးဝင်းအတွင်းရှိ မေတ္တာစံအိမ်၌ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူရန်မှာ မူးယစ်ဆေးဖြတ်လူနာများအတွက် များစွာလိုအပ်ကြောင်း ဩဂုတ်လ(၃၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ဆွေလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “မူးယစ်ဆေးဖြတ်လူနာများအနေဖြင့် ဆေးရုံတက်၍ မူးယစ်ဆေးဖြတ်ပြီးသည်နှင့်မရပါကြောင်း၊ ဆေးဖြတ်ပြီးပါက သက်ဆိုင်ရာပြန်လည်ထူထောင်ရေးစခန်းတွေမှာ ပြန်လည်ထူထောင်မှုခံယူရပါကြောင်း၊ ပြန်လည်ထူထောင်မှုခံယူ ပြီးသည့်အခါမှာလည်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူရန်မှာ မူးယစ်ဆေးဖြတ်လူနာများအတွက် များစွာလိုအပ်ပါကြောင်း ” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင်လူရွှင်တော်ဦးချစ်ချောက မူးယစ်ဆေးဖြတ်သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများအား အကြုံပြုဆွေးနွေးစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ပြန်လည်ထူထောင်ရေးစခန်း(၁၅)ခုရှိပြီး မူးယစ်ဆေးဖြတ်လူနာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို ပြန်လည်ထူထောင်မှုခံယူပြီးသည့်အခါမှာလည်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)