မိုင်းရယ်၌ GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက် မြေပုံများဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းရယ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူရေးအတွက် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units)နှင့် စာရင်းကောက်ကွက်မြေပုံများ ဖွဲ့စည်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်သန်ခေါင်စာရင်းကော်မတီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(ရုံးချုပ်)မှု ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိုင်းရယ်မြို့ ရပ်ကွက်(၃)ခုရှိ အိမ်ထောင်စုစာရင်းများအား GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ(Census Units)နှင့် စာရင်းကောက်ကွက် မြေပုံများ ဖွဲ့စည်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန်ခေါင်စာရင်းယူနစ်များနှင့် စာရင်းကောက်ကွက်မြေပုံများ ဖွဲ့စည်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်သန်ခေါင်စာရင်းကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းရယ်(ပြန်/ဆက်)