မာန်အောင်မြို့နယ်တွင်(ဆဋ္ဌမ)အကြိမ်​မြောက်နိုင်ငံတော်ဘာသာနေ့နှင့် မေတ္တာအခါတော်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပ

မာန်အောင် သြဂုတ်  ၃၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်(ဆဋ္ဌမ)အကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့နှင့် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ အထိမ်း အမှတ်အခမ်းအနားနှင့် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင်လူမှုကူညီရေးအသင်း(နာရေး)မှ ဦးဆောင်၍ ယနေ့မွန်းလွဲ၁နာရီက မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို သံဃာတော်များနှင့် ဧည့်ပရိသတ်များက"နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ပရိသတ်များက မဟာဓမ္မိကာရုံကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလနှင့် သြဝါဒတရားတို့ကိုခံယူဆောက်တည်ကြသည်။

ထို့နောက် ကြွရောက်တော်မူလာသော သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော် များကို ရွတ်ဖတ်ပူဇော်ကြပြီး မကျည်းကုန်းကျောင်း ဆရာတော်ဘဒ္ဒန္တတေဇမှ အနုမောဒနာ တရားတော်မြတ်ကို ချီးမြှင့်တော်မူပြီးလှူဒါန်းမှုများအား ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးဆုံးခဲ့သည်။

ယင်းနောက် ကြွရောက်တော်မူလာသော သံဃာတော် အရှင်သူမြတ်များနှင့်ရှင်သာမဏေ (၂၁၀)ပါးနှင့် သီလရှင်(၁၁)ပါးတို့က မြို့နယ်ခန်းမမှ တဆင့် ရဲစက်ကျော်ခေါင်လမ်း၊ဦးမြဝါလမ်း၊ ဗန္ဓုလလမ်း၊ဗိုလ်ချုပ်လမ်းမှ မဟာထီးဘုရားထိ ဆွမ်းဆန်စိမ်းများ အလှူခံကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ အမှတ်(၁၉)ရေတပ်ရှေ့တန်း စခန်းမိသားစုများ၊မြန်မာ နိုင်ငံရဲတပ်ဖွဲ့ မိသားစုများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်ပြည်သူများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)