နမ့်ခမ်းမြို့နယ်တွင် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်

နမ့်ခမ်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်နှင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူများကို စီစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်အတွက် ပြည်သူလူထုတစ်ဦးချင်းဆီ၏ ကိုယ်ရေး အချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူဆောင်ရွက်လျက်ရှိရာ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၏ အချက်အလက်များကို ရာနှုန်းပြည့်နီးပါး ကောက်ယူဆောက်ရွက်ပြီးစီးပြီးဖြစ်၍ ဩဂုတ် ၃၀ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူရာတွင် နမ့်ခမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းနိုင်က ကြီးမှူးဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူတစ်ဦးချင်းဆီ၏ ကိုယ်ရေးအချက်အလက်(Biographic)များဖြစ်သော နိုင်ငံသားစီစစ်ရေးကဒ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ အမြဲကိုင်ဆောင်သော ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့အပြင် ဇီဝဆိုင်ရာအချက်အလက်(Biometric)များဖြစ်သော လက်ဗွေရာ၊ မျက်လုံးနှင့် မျက်နှာအနေအထားတို့ကို ခေတ်မှီနည်းစနစ်များဖြင့် စိစစ်ကောက်ယူ မှတ်တမ်းတင်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်ခြင်းကို ဇူလိုင်လ(၁)ရက်နေ့မှ စတင်ကောက်ယူခဲ့ပြီး နိုင်ငံဝန်ထမ်းများနှင့်မိသားစုဝင်များကို ကောက်ယူပြီးစီးပြီးဖြစ်ကာ အခြေခံပညာရေးကျောင်းများရှိ ကျောင်းသား/သူများကို ဆက်လက်ကောက်ယူလျက်ရှိပါသည်။ ထို့အတူ ဒေသခံပြည်သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကိုလည်း ဆက်လက်ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)