ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝါခေါင်လပြည့်နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့် စည်ကား

ညောင်ဦး  ဩဂုတ်  ၃၁

ဝါခေါင်လပြည့်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ညောင်ဦးမြို့ အာနန္ဒာဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံကသိရသည်။

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် အခါကြီးရက်ကြီးမဟုတ်သည့်နေ့များတွင်ပင် ဘုရားဖူးများအမြဲလာရောက်လျှက်ရှိသည့်ဒေသဖြစ်ရာ အခါကြီးရက်ကြီးများနှင့် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနှင့်သော်လည်းကောင်း လာရောက် ဘုရားဖူးလျက်ရှိကြရာ ဝါတွင်းကာလအတွင်း အဖိတ်၊ ဥပုဒ်နေ့များတွင် နံနက်  ၄ နာရီမှ ည ၉နာရီအထိဖွင့်လှစ်သွား မည်ဖြစ်ရာ ယနေ့ ဝါခေါင်လပြည့်နေ့ နံနက် ၄ နာရီ အချိန်မှစတင်ကာ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ ရွှေစည်းခုံစွယ်တော်မြတ် စေတီကြီးသို့ ဆွမ်းကပ်ရန်နှင့်တရားထိုင်၊ အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ကြရန် ရောက်ရှိနေကြကြောင်း ရွှေစည်းခုံဘုရား ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးမှရှင်းပြသည်။ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဂေါပကထားရှိသည့် ဘုရား (၁၉)ဆူအား ဝါတွင်းကာလ၌ နံနက် ၅နာရီမှ ညနေ ၇နာရီအထိဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း၊ ယနေ့ဝါခေါင်လပြည့်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ လာရောက်သူများပြားလျက်ရှိရာ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike၊ မီနီအိုးဝေ၊ အငှားလိုက်သူများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်များ၊ လက်ရေးပန်းချီဆွဲသူများအလုပ်အ ကိုင်များကောင်းနေကြကာ ဟိုတယ်၊တည်းခိုးခန်းများတွင်လည်း ခရီးသွားဘုရားဖူးဝင် ရောက်မှုများပြားခဲ့ကြောင်းသိရသည်။

ဝါခေါင်လပြည့်နေ့တွင် ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းဘေး တစ်လျှောက်ဖွင့်လှစ် ထားရှိသည့် အညာရိုးရာထန်းတဲများတွင်လည်းဘုရားဖူးကားများ ပြည့်နေကြောင်း၊ဘုရားဖူးလာ ဧည့်သည်များသည် သမိုင်းအထင်ကရဘုရားများသို့သာ သွားရောက်ဖူးမြှော်ကြသည်မဟုတ်ကြပဲ ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ သစ္စာဝတီဘုရား၊ ဝတ္တနထောဘုရားစု၊ ဆူးလေကုန်းဘုရား၊ ကျောက်မျက်မှော်ဘုရား၊ အရှေ့ဖက်လိပ် ဘုရား၊အနောက်ဖက်လိပ်ဘုရား၊ စိမ်းညက်ညီအစ်မ ဘုရား၊ သိကြားပုန်းဘုရား၊သကြား ဟစ်ဘုရား၊ ခြောက်ဘုရားလှ၊ နန်းဦးဘုရား၊ နတ်လှောင် ကျောင်း၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဥပါဠိသိမ်၊ရွှေလိပ်တူးဘုရားနှင့် လူသူအရောက်အပေါက်နဲသည့် ဘုရားများသို့ ပြည်တွင်းဧည့်လမ်းညွှန်များငှားရမ်းကာသွားရောက်၍ နံရံဆေးရေးပန်းချီ လေ့လာခြင်း၊ ရှေးဟောင်းအင်္ဂတောပန်းများလေ့လာခြင်း၊ များပြားလှသည့် ဘုရားများအား ပုံစံမတူတည်ဆောက်ပုံများ လေ့လာကြကြောင်း ပြည်တွင်းဧည့်လမ်းညွှန် ဦးတင်လင်း အောင်ကရှင်းပြသည်။ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝါဆိုလပြည့် (ဓမ္မ စကြာ)နေ့တွင် ဘုရားဖူး တစ်သောင်းကျော်ဝင်ရောက်ခဲ့ကြောင်း ကျယ်ဝန်းပြီး ဘုရားစေတီ၊ ပုထိုးပေါများသည့် ပုဂံရှေးဟောင်းနယ်မြေတွင် နေရာတိုင်းဘုရားဖူးများရှိနေကြောင်း ပြည်တွင်းဧည့်လမ်းညွှန်များကရှင်းပြ၍ သိရသည်။

ဒီပါလင်း