လားရှိုး စက်တင်ဘာ ၁
ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ ၃၀ အချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးတွင် လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်မောင်စိုးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ မြို့ရွာသန့်ရှင်းသာယာလှပစေရေးတို့အတွက် ရှင်းလင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မိမိတို့၏ ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)