တံတားဦးမြို့နယ်တွင် တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တံတားဦး  ဩဂုတ် ၃၁

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင်တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေး ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အနေဖြင့်  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဩဂုတ်လ(၁၅) ရက်နေ့မှ (၃၀)ရက်နေ့အထိ တိရစ္ဆာန်များရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ တိရစ္ဆာန်ကူးစက်မှုရောဂါကာကွယ်ဆေးထိုးခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်း၊ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တံတားဦးခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဇော်မင်းဦး ဦးဆောင်သောအဖွဲ့ဖြင့် တပယ်ကျေးရွာသို့ ကွင်းဆင်းပြီး တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ကုသရေးနည်းလမ်းများကို ရှင်းလင်း ပြောကြားပြီး နွားများဖြစ်ပွားတက်သော ဒေါင့်သန်းရောဂါကြိုတင်ကာကွယ်ဆေးအား နွားကောင်ရေ (၈၀၀)ကောင်နှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။

တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထောက်ရှာကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ကန်ကြီးကျေးရွာ၊ မိုးနှံခြုံ ကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ သပြေကန်ကျေးရွာ၊ ဝန်ပတေ့ကျေးရွာ စုစုပေါင်းကျေးရွာ(၈)ရွာတို့တွင် ဝက်ဝမ်းကျရောဂါကြိုတင်ကာကွယ်ဆေးအား ဝက်ကောင်ရေ(၃၁၆) ကောင်ကို ထိုးနှံပေးခဲ့ကြောင်းနှင့်  မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ နွား၊ ဆိတ်၊ ဝက်၊ ဒေသ ကြက် စသည့်တိရစ္ဆာန်များအား ကာကွယ်ဆေးများအခမဲ့ ဆက်လက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)