မြစ်သား သြဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာဒေါက်တာ ခင်မောင်ညိုရေးသားသော “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်းတစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုဆွေးနွေး သည့်စာအုပ်သည်လူငယ်များအနေဖြင့် ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးစာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်တင်စိန်က“အမှားကိုဝန်ခံပါတယ်”၊“လူငယ်နှင့်စူးစမ်းလေ့လာမှုများ” စသည့်ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိမွန်က “အမှားကို မကြောက်ပါနဲ့” ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များနှင့်စာဖတ်ပရိသတ်များကအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များ၊ (အ.ထ.က)မြစ်သားကျောင်းအုပ်ဆရာမကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စည်းကမ်းထိန်းရေးအဖွဲ့ဝင်များနှင့် စာဖတ်ပရိသတ်များတက်ရောက်ကြပြီးသိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)