သန်လျင် စက်တင်ဘာ ၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉နာရီတွင် သန်လျင်မြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက လူငယ်စကားဝိုင်းကျင်းပရခြင်းမှာ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စာပေဖတ်ရှုလေ့လာခြင်း အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်၊ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုကဆောင်ရွက်ပြီး လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့် Grade 12 မှ မဟေမန်ဦး၊ လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့် Grade 11 မှ မမြဖူးနွယ်ခိုင်၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့် Grade 8 မှ မောင်အားမာန်မင်းဇော်၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Grade 10 မှမောင်ထက်သူရဦး၊ လူငယ်နှင့် နည်းပညာခေါင်းစဥ်ဖြင့် Grade 11 မှ မောင်ထက်ဝေဖြိုးတို့က အပြန်အလှန်ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ခေါင်းစဥ်အလိုက်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)