ကျောက်ဆည်မြို့တွင် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်၊          ဩဂုတ်    ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၁)နာရီက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိရေး၊ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုတသုများတိုးပွားရေး၊ စာပေလေ့လာ ဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိရေး စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအတွင်းရေးမှူး သီတဂူ(ကျောက်ဆည်)က ငယ်စဉ်ကပင် ပညာရည်၊ နှလုံးရည်၊ လက်ရုံးရည်များ ရှိဖို့လိုကြောင်းနှင့်  လူငယ်များအောင်မြင်ဖို့ ဘဝတည်ဆောက်ရာတွင် အတွေးအမြင်များရှိဖို့လိုကြောင်း၊ ရှက်စိတ်၊ ကြောက်စိတ်နှင့် အောင်စိတ်၊ လူငယ်နှင့် စူးစမ်းလေ့လာမှုများ လူငယ်နှင့်သဘာဝဘေးအန္တရာယ် အကြောင်းများအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဒေါ်စန်းစန်းဝင်းက လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်လူမှုရေးအတွေးများ၊ စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်းနှင့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်းစာအုပ်သည် လူငယ်များအတွက်အကောင်းဆုံးဘဝကို တည်ဆောက်နိုင်မည့် အတွေးအမြင်၊ ခံယူချက်စိတ်ထားနှင့် ဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)