မြင်းခြံ ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မင်းကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်မည့် ရတနာမဟာဗောဓိစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီ အချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြင်းခြံမြို့ ကိုဆောင်တိုက် သီရိမာလာကျောင်း အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇောတိပါလ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်သံဃာတော် အရှင်မြတ်တို့အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ စိန်ပန်းခိုင်၊ ဆည်းလည်းနယား၊ အရံစေတီ၊ ဌာပနာစိန်ဖူး၊ ရွှေထီးတော်များအပ်နှံခြင်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ စိန်ပန်းခိုင်၊ ဆည်းလည်းနယား၊ အရံစေတီ၊ ဌာပနာစိန်ဖူး၊ ရွှေထီးတော်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပင့်ဆောင်ပြီး ဆန္ဒတော်ပြည့်စေတီတော်ကြီးနှင့် တည်ထားကိုးကွယ်မည့် ရတနာမဟာဗောတိ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ မင်္ဂလာရထားပျံကိုဆွဲတင်သည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်မြတ်များက ရတနာမဟာဗောတိစေတီတော်ကြီးနှင့် စေတီတော်အတွင်း၌ ကိန်းဝပ်စံပါယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား အနေကဇာတင်ပြီး အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေးကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)