ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန် ဩဂုတ် ၃၁

ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလုပ်ငန်းများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် ဥပဒေအထောက်အကူပြုအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ကြခဲ့ကြသည်။

ရှေ့ဦးစွာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပြောကြားသည့် ဌာနနှစ်ပတ်လည်အခမ်းအနားနှင့် ပက်သတ်သည့် မိန့်ခွန်း video clip အား ဖွင့်လှစ်ပြသပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားရာ ဥပဒေရေးရာဝန်ကြီးဌာနဟာ နိုင်ငံတော်အာဏာ (၃) ရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍ (၃) ရပ်လုံးတွင် ပါဝင်ဆောင်ရွက်နေရသည့် အရေးကြီးသော ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ မဏ္ဍိုင်ကြီး (၃) ရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ ဆောင်ရွက်ရာ၌ ဂုဏ်သိက္ခာရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန် အရည်အချင်းပြည့်မီသည့် ဥပဒေအရာရှိကောင်းများဖြစ်ရန်လည်း လွန်စွာမှအရေးကြီးလှပါကြောင်း၊ ဥပဒေ အရာရှိများဟာ ရိုးသားဖြောင့်မတ်ခြင်း၊ ဘက်လိုက်မှုကင်းပြီး တရားမျှတစွာဆောင်ရွက်ခြင်း၊ မှန်ကန်စွာစဉ်းစား၊ တွေးခေါ်ပြီး ဥပဒေနှင့်အညီ သုံးသပ်၊ ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း၊ မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေခြင်း၊ ရာထူးနှင့်လျော်ညီသော အရည်အချင်းနှင့် လုံ့လဝီရိယရှိရခြင်း၊ တာဝန်သိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်းစသည့် ဥပဒေအရာရှိကျင့်ဝတ်ပါ အခြေခံမူများနှင့်အညီ  လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဥပဒေအရာရှိများဟာ ကိုယ်တတ်သိထားတဲ့ ဥပဒေပညာနဲ့တစ်ပါးသူတွေ၊ အဖွဲ့အစည်းတွေကို ဥပဒေအကြံဉာဏ်ပေးကြရ‌ပါကြောင်း၊ ဥပဒေအသိပညာပေးဆွေးနွေးမှုတွေ၊ ဟောပြောမှုတွေ ဆောင်ရွက်ကြရကြောင်း၊ ကိုယ်တတ်ထားသည့် ဥပဒေပညာကို သူတစ်ပါးအားစေတနာ၊ သဒ္ဒါတရားရှေ့ထားပြီး မျှဝေပေးနေမယ်ဆိုရင် “စာဂ” ဆိုတဲ့တရားကို ကျင့်ကြံအားထုတ်ရာရောက်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်မှ အမှာစကားပြောကြားရာတွင် ၂၀၀၈ခုနှစ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပြီးနောက် ၂၀၁၀ ခုနှစ်ပြည်ထောင်စုရှေ့နေချုပ် ဥပဒေကိုပြဌာန်းခဲ့ပြီး ပြည်ထောင်စုရှေ့နေ့ချုပ် (၁) ဦးနှင့် ဒုတိယရှေ့နေချုပ် (၁) ဦးတို့အား ခန့်အပ်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတော်သမ္မတအား တာဝန်ခံရပြီး ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်သည် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ကို တာဝန်ခံဆောင်ရွက်ခြင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် ချောမွေ့စေရေးနှင့် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာနများအကြား ပူပေါင်းဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲခြင်း၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ရုံးအမိန့်စာများနှင့်အညီ တင်ပြလာမှုများအပေါ် အတည်ပြုခြင်းစသည့် လုပ်ငန်းများကိုလုပ်ဆောင်ရကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များကိုလည်း ခန့်ထားခဲ့ပြီး တိုင်းဒေသကြီး / ပြည်နယ် ဥပဒေချုပ်ရုံးများ၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများဖွဲ့စည်းကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိလျှင်‌၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥပဒေရုံးများဖွဲ့စည်းလျက် ၂၀၁၀ ခုနှစ် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် သင်တန်းတက်ရောက်ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသော အရာထမ်းများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အရာထမ်း/အမှုထမ်းများ၏ သား/သမီးများ၊ ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အမှုထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမောင်မောင်တာတို့မှ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)