မောက်မယ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

မောက်မယ် သြဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား  နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ(မိုးစပါး) ချေးငွေပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်နိုင်ငံ့ စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး−၃ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမတည်ရန်ပုံငွေ လွှဲပြောင်းထုတ်ချေးမှု နှစ်ဦးသဘောတူစာချုပ်ကို ချုပ်ဆိုကြပြီး မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ချေးငွေများ ပံ့ပိုးပေးအပ်ခြင်းနှင့် အတွင်းရေးမှူး−၃က သွင်းအားစုများပံ့ပိုးပေးအပ်ခြင်းကို အစုအဖွဲ့ခေါင်းဆောင်များထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)