စမ်းချောင်း ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ အားကစားပစ္စည်း လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၁ဝ)နာရီက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကံ့ကော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ရွှေက အဖွင့်အမှာစကားပြောကြား၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ အလေးမ အားကစားသမားဟောင်း ဒေါ်ဝင်းဝင်းမော်က လူငယ်နှင့်ဘဝမြှင့်တင်ရေး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးမှ လူငယ်ရေးရာအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက လူငယ်နှင့်စာပေ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ စမ်းချောင်းမြို့နယ် နည်းစနစ်မှူး ဦးဝင်းဇော်အေးက လူငယ်နှင့်အားကစား ခေါင်းစဉ်အသီးသီးတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ရွှေ က စာရေးကိရိယာများနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပိုပိုထွေး က သရုပ်ပြအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၃၀ဝ)ဦးတက်ရောက်ခဲ့၍ အားကစားအဖွဲ့၊ ဝူရှူးအဖွဲ့၊ Fitness Dance အဖွဲ့တို့မှ အသီးသီး သရုပ်ပြခဲ့ကြပြီး တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နီလာစိုး