မအီ ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်(၇၆)တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ဝါခေါင်လပြည့်၊ ယနေ့ နံနက်အရုဏ်တက်ချိန်က မအီမြို့အမှတ်(၃)ရပ်ကွက်၊ တောင်ကုတ်-မအီ လမ်းမ၊ အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ၌ ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါ အရုဏ်ဆွမ်းအလှူတော်အား မအီမြို့၊ အမှတ်(၂)ရပ်ကွက်နေ ကိုကျော်ဆန်းဝင်းဇနီး မကေဇင်အောင် မိသားစုတို့က ကုသိုလ်ပြုလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုသို့ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများကို အရုဏ်ဆွမ်းလောင်းအသင်း(မအီ)မှ ဦးဆောင်ကြီးမှူး၍ ဝါတွင်းကာလ ဥပုသ်နေ့တိုင်းတွင် မအီမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း (၂၂)ကျောင်းမှ သံဃာတော်အပါး (၇၆)ပါးတို့အား လောင်းလှူသွားမည်ဖြစ်ကြောင်း၊ ဆွမ်းချက်ရန်နှင့် အခြားကိစ္စရပ်များအတွက် မတည်ငွေကို ဆွမ်းလောင်းအသင်းသူ/ အသင်းသားများက ထည့်ဝင်မတည်ငွေနှင့် ယခင်နှစ်က လက်ကျန်ရန်ပုံငွေများ၊ အလှူခံ ရရှိငွေများဖြင့် အသုံးပြုဆောင်ရွက်ပါကြောင်း၊ ယခင်နှစ်က အရုဏ်ဆွမ်းအလှူရှင်များကို ကျပ်(၂၅၀၀၀၀)ဖြင့် သတ်မှတ်အလှူ ထည့်ဝင်စေခဲ့သော်လည်း ယခုနှစ်တွင် ကျပ်(၃၀၀၀၀၀) နှုန်းဖြင့် သတ်မှတ်ထားပါကြောင်း၊ ဥပုသ်နေ့ရောက်ရှိလာတိုင်းလည်း စေတနာရှင် အလှူရှင်များက လိုအပ်သည်များကို ကဏ္ဍအလိုက် လာရောက်လှူဒါန်းကြသည်ဖြစ်၍ အရုဏ်ဆွမ်းကို လုံလောက်ပြည့်စုံစွာ လောင်းလှူနိုင်ပါကြောင်း၊ အရုဏ်ဆွမ်းလောင်းအသင်း (မအီ)အနေဖြင့် ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကုသိုလ်ပြုလောင်းလှူခြင်း ဖြစ်ပါကြောင်း တို့ကို အဆိုပါ ဆွမ်းလောင်းအသင်းကို ဦးစီးဆောင်ရွက်သူ ကိုဖြိုးဝေလင်းက ပြောကြားသည်။
ဖော်ပြပါ ဆွမ်းဟင်းများကို ယမန်နေ့(အဖိတ်နေ့)မှစတင်၍ ဆွမ်းလောင်းအသင်းလူငယ်များက ဟင်းလျာများ ဝယ်ယူစုဆောင်းပြင်ဆင်ထားရှိပြီး နံနက်အရုဏ်တက်ချိန်တွင် ကိုယ်တိုင်ချက်ပြုတ်လောင်းလှူခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆွမ်းခံမကြွရောက်နိုင်သော ဆွမ်းလောင်းအသင်းမဏ္ဍပ်နှင့် ဝေးလံသည့်ဘုန်းတော်ကြီးကျောင်းများကို ဆွမ်းလောင်းအသင်းလူငယ်များကိုယ်တိုင် သွားရောက်ပို့ဆောင်ကပ်လှူခဲ့ကြကြောင်းနှင့် နောက်လာမည့် ဝါခေါင်လဆုတ်(၈)ရက် ဥပုသ်နေ့ အရုဏ်ဆွမ်းကို မအီမြို့၊ အမှတ်(၂) ရပ်ကွက်နေ ကွယ်လွန်သူခင်ပွန်း ဦးမောင်ဝင်းသန်းအား ရည်စူး၍ ဇနီး ဒေါ်ဌေးဌေးတင်(ခ) ဒေါ်လေးလေး မိသားစုတို့က မြတ်သောဒါနအဖြစ် ကုသိုလ်ပြု တာဝန်ယူလှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)