ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၃)ဆင်းပွဲအခမ်းအနာကို ယမန်နေ့ညနေ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဥပဒေချုပ်ဦးဋ္ဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးဦးဆန်းဝင်း၊ သင်တန်းနည်းပြများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ ၂၁ ရာစုခေတ်ကို ပညာရှင်များက တတ်သိပညာခေတ်(Knowledge Age) ဟုဆိုကြောင်း၊ တတ်သိပညာခေတ်ဖြစ်တာနဲ့အညီ ကမ္ဘာတစ်ဝန်းလုံးမှာ ဆက်သွယ်ရေးနည်းပညာနဲ့ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာများက လျင်မြန်စွာတိုးတက်ပြောင်းလဲနေပါကြောင်း၊ သတင်းအချက်အလက်များလျင်မြန်လာမှုနဲ့ နည်းပညာတိုးတက်ပြောင်းလဲလာမှုကြောင့် လူထုဆက်သွယ်ရေးနည်းလမ်းများကထိရောက်မှုရှိလာပြီး စာကြည့်တိုက်များရဲ့အခန်းကဏ္ဍကလည်းအရေးပါလာပါကြောင်း၊သတင်းအချက်အလက်ဆိုင်ရာနည်းပညာဟာစာကြည့်တိုက်
လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အင်အားတစ်ရပ်ဖြစ်ပြီး သတင်းအချက်အလက်ကွာဟချက်ပေါ်မူတည်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ကွာခြားကြကြောင်း၊ အဲဒီကွာဟချက်တွေကို ပြည်သူ့စာကြည့်တိုက်များက ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ပေးလျက်ရှိပြီးပြည်သူ့စာကြည့်တိုက်များအနေနဲ့ စာကြည့်တိုက်နဲ့ သတင်းအချက်လက်ဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ခြင်းက ပြည်သူများအတွက် အသိပညာ၊ အတတ်ပညာ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့၊ အများနဲ့ရင်ပေါင်တန်းနိုင်စေဖို့၊ ဘဝသင်ခန်းစာများရရှိစေဖို့ ပံ့ပိုးကူညီပေးနေပြီးပြည်သူ့စာကြည့်တိုက်များရဲ့ လိုအပ်ချက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက ဖြည့်ဆည်းပေးလျက်ရှိတာကို အားလုံးအသိပဲဖြစ်ပါကြောင်း၊
ပြည်သူ့စာကြည့်တိုက်များအတွက် မရှိမဖြစ်လိုအပ်တဲ့ စာအုပ်တွေကိုငွေကျပ် သိန်း ၅၅၀ တန်ဖိုးရှိ စာအုပ်စာစောင်များဖြင့် ၂ ကြိမ်တိုင်တိုင် ပေးအပ်လှူဒါန်းခဲ့ပြီး ယခုဘဏ္ဍာနှစ်မှာလည်း စာအုပ်စာစောင်တွေကို ဆက်လက်လှူဒါန်းပေးဦးမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဥပဒေချုပ် ဦးဋ္ဌေးအောင်က စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၃) ဖွင့်လှစ်နိုင်မှုအခြေနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဆုများအသီးသီးပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စားကော်မတီဝင် စာရေးဆရာဦးဟိန်လတ်ကသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသည့် ဧည့်သည်တော်များက သင်တန်းသား၊ သင်တန်းသူများနှင့်အတူအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၃)ကို ဩဂုတ် ၂၈ ရက်မှ ၃၀ ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)