စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၃) တက်ရောက်နေသည့် သင်တန်းသား/သူများ တက္ကသိုလ်များဗဟိုစာကြည့်တိုက်သို့ သွားရောက်လေ့လာ

တာမွေ ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ စာကြည့်တိုက်ပညာများ တက်ရောက်လေ့လာသင်ယူနေကြသော စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၃) တွင် တက်ရောက်နေသည့် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ စာကြည့်တိုက်မှူးများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။

ထိုကဲ့သို့  ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ သွားရောက်လေ့လာရာတွင် စာကြည့်တိုက်ရှိ ဌာနစိတ် (၁၀) ခုဖြစ်သည့် မြန်မာစာဌာနစိတ်၊ အင်္ဂလိပ်စာဌာနစိတ်၊ စာငှားဌာနစိတ်၊ စာနယ်ဇင်းဌာနစိတ်၊ ကွန်ပျူတာဌာနစိတ်၊ မိုက်ခရိုဖလင်ဌာနစိတ်၊ စာအုပ်လဲလှယ်ရေး ဌာနစိတ်၊ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေးဌာနစိတ်၊ ကျမ်းပြုဌာနစိတ်၊ ရည်ညွှန်းဌာနစိတ်တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနစိတ်များအလိုက် ဝန်ဆောင်မှုပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြရာ သင်တန်းသား/သူများ စိတ်ပါဝင်စားစွာ လိုက် လံလေ့လာကြည့်ရှု မှတ်သားခဲ့ကြသည်။ ဆက်လက်၍ ရည်ညွှန်းဌာနစိတ်ခန်းမတွင် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ ဌာနမှူး ဒေါက်တာလှိုင်လှိုင်ကြီးက တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စာဖတ်ဝါသနာရှင်များအား ဝန်ဆောင်မှုပေးနေသည့်အခြေအနေများ၊ စာကြည့်တိုက်၏ ရည်ရွယ်ချက်၊ စာအုပ်စာတမ်းစုဆောင်းခြင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွေးချယ်ရေးဆိုင်ရာအခြေခံမူများ၊ ရပ်ရွာလိုအပ်ချက်များကို အကဲဖြတ်ရွေးချယ်ခြင်းနှင့် မတူကွဲပြားသောစုစည်းမှုကို ဖန်တီးခြင်းများ၊ စာဖတ်ပရိသတ် ဖတ်ချင်လာအောင်ဆွဲဆောင် ပြသပေးခြင်းများ၊ စာကြည့်တိုက်မှူးများ ဆောင်ရွက်သင့်သည့်အချက်များ၊ စာကြည့်တိုက်တွင် စုဆောင်းသင့်သော စာအုပ်စာတမ်းများ၊ စာအုပ်စုဆောင်းနည်းများ၊ စာအုပ်များစာကြည့်တိုက်သို့ ရောက်ရှိပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်၊ စာကြည့်တိုက်ရှိ ဟောင်းနွမ်းဆွေးမြေ့ပျက်စီးနေသည့် စာအုပ်များကို ပယ်ဖျက်မှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ “ စာကြည့် တိုက်များအတွက် ထိရောက်သော စာအုပ်စာတမ်းစုဆောင်းခြင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွေးချယ်ရေး ဆောင်ရွက်မှု ” ခေါင်းစဉ်ဖြင့် အဖွဲ့ငါးဖွဲ့ခွဲ၍ ဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြမှုကောင်းမွန်သော အဖွဲ့သုံးဖွဲ့အား တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ ဌာနမှူး ဒေါက်တာလှိုင်လှိုင်ကြီးနှင့် တာဝန်ရှိသူများက သုတ/ရသစာအုပ်စာပေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ