သထုံမြို့ အ.ထ.က(၄)ကျောင်းဝင်းအတွင်းမှ တွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့အပ်နှံ

သထုံ ဩဂုတ် ၃၁

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အ.ထ.က(၄) ကျောင်းဝင်းအတွင်း၌ ကျောင်းအဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာမှတွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများကို တာဝန်ရှိသူတို့က ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံပေးခဲ့ကြောင်းသိရသည်။

အ.ထ.က(၄)ကျောင်းဝင်းအတွင်း အလျားပေ ၉၀ ၊ အနံပေ ၃၀ ရှိ RC တစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ဆောက်လုပ်ရေးလုပ်သားများ မြေတူးနေစဉ် မုဒြာပုံစံ အမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ်နှင့် အကျိုးအပဲ့ ရှေးဟောင်းအုတ်ခွက်ဘုရား(၁၉)ဆူကို ယမန်နေ့နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်က  တူးဖော်တွေ့ရှိခဲ့ရသည်။

အဆိုပါ ရှေးဟောင်းအုတ်ခွက်ဘုရားများတွေ့ရှိရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုခဲ့ကြပြီး တွေ့ရှိသည့်အုတ်ခွက်ဘုရား(၁၉)ဆူကို စနစ်တကျထိမ်းသိမ်းရေးအတွက် မွန်ပြည်နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများထံ အပ်နှံပေးခဲ့ကြသည်။

သထုံမြို့တွင် အဆိုပါကျောင်းအနီးဝန်းကျင်နေရာများ၌ ယခင်ကလည်း ရှေးဟောင်းအုတ်ခွက်ဘုရားများတူးဖော်တွေ့ရှိခဲ့ရပြီး ယခုတူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများမှာ ယခင်ကတူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများနှင့် လက်ရာတူပုံစံတူအုတ်ခွက်ဘုရားများဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၄၅ နှစ်ကျော်ခန့်ကလည်း ယခုအုတ်ခွက်ဘုရားများ တူးဖော်တွေ့ရှိရာ အ.ထ.က(၄)ကျောင်းအနီးရှိ အ.ထ.က(၂)ကျောင်းဝင်းအတွင်း၌ အုတ်ခွက်ဘုရားပေါင်း ၁၀ဝ၀ ကျော်ကို ပထမအကြိမ်တူးဖော်တွေ့ရှိခဲ့ရဖူးကြောင်း၊ ဒုတိယအကြိမ်တွင် အ.ထ.က(၄)ကျောင်းအနီး ငှက်တွင်းကျောင်းတိုက်ဝင်းအတွင်း၌ အဆူရေ ၁၀၀၀ ကျော်၊ တတိယအကြိမ်တွင် အဆိုပါကျောင်းအနီးရှိ မြန်မာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အဆူရေ ၂၄၀ ကျော်၊ စတုတ္ထအကြိမ်၌ အ.ထ.က(၂)ကျောင်းဝင်းအတွင်း၌ အဆူရေ ၂၁၀ ကျော်နှင့် ယခု တူးဖေါ်တွေ့ရှိသော ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ပဉ္စမအကြိမ် တူးဖော်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်