ကျိုက်ထို သြဂုတ် ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းတို့က မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးတန်ဖိုးထားတက်စေရန်နှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရန်၊ ယခုမြို့နယ်အဆင့်ပြိုင်ပွဲမှသည် ပြည်နယ်၊ ဗဟိုအဆင့်ထိယှဉ်ပြိုင်နိုင်ရန် အစွမ်းရှိသရွေ့ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြိုနယ်ပညာရေးမှူးဦးအောင်မြင့်ထွန်းက ပြိုင်ပွဲပြုလုပ်သည့် ရည်ရွယ်ချက်များကိုပြောကြားပြီး အကဲဖြတ်ဒိုင်ချုပ် အ.ထ.က(ရွှေဥဩ) ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းသန်းက အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝါသနာရှင် ကျောင်းသား/ကျောင်းသူ(၁၂)ဦးတို့မှ အသက်(၁၅-၂၀)အတီးဆိုင်းဝိုင်းကြီး အသက်(၁၀-၁၅)အဆို ကာလပေါ်တေး၊ အဆိုမဟာဂီတ၊ အတီးစန္ဒယား၊ ပုလွေ၊ အက အသက်(၁၅-၂၀)အတီးပတ္တလား၊ အသက်(၁၀-၁၅)အတီးပတ္တလားပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြို့နယ်ပြိုင်ပွဲတွင် ဆုရပညာရှင်များအား ပြည်နယ်အဆင့်ပြိုင်ပွဲသို့ တက်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
ကျိုက်ထိုပြန်/ဆက်