ပျဉ်းမနား ဩဂုတ် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(သကြားစက်)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ အပြန်အလှန်ဆွေးနွေးကြရာမှ အသိပညာ ဗဟုသုတများနှင့်အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(သကြားစက်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါလွမ်းက အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလွင်နှင့်အတူ Grade-11 ကျောင်းသူ မဆောင်းဟေမာန်က လူငယ်နှင့်စာပေ၊ Grade-11 ကျောင်းသူ မရွှန်းလဲ့လဲ့စိုးက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-10 ကျောင်းသား မောင်ဇွဲမာန်မြတ်စိုးနှင့် Grade-11 ကျောင်းသား မောင်မျိုးဇင်ကျော်တို့က လူငယ်နှင့် အားကစား၊ Grade-11 ကျောင်းသူ မဇွန်နန်းအာကာညိုက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စေ့စပ်ညှိနှိုင်းရေးမှူးတို့က ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များပြခြင်းနှင့် စာအုပ်၊ စာစောင်များပြသခြင်းကို ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)