မွန်ပြည်နယ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲ အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတက်ရောက် ဖွင့်လှစ်

မော်လမြိုင် သြဂုတ် ၃၁

မွန်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်တို့မှ မွန်ပြည်နယ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့များရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို အစဉ်အလာမပျက် ဆင့်ပွားတိုးတက်စေပြီး အနာဂတ်ကာလတိုင် လက်ဆင့်ကမ်းလွှဲပြောင်းသွားနိုင်စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတော်အနေနဲ့ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ခြင်း၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အချက်တွေကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မျိုးဆက်သစ်လူငယ်များအနေနဲ့ အနှစ်သာရရှိရှိ ရိုးသားကြိုးစားစွာ အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းမှ "အပျိုတော်ယိမ်းအက"ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲတွင် အဆင့်မြင့်ပညာအဆင့် တစ်ဦးချင်းအကပြိုင်ပွဲတွင် (အမျိုးသား) (၃) ဦး၊ (အမျိုးသမီး) (၂) ဦး၊ အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်းကာလပေါ်တေး ဘာသာရပ်တွင် အမျိုးသား (၅) ဦး၊ အမျိုးသမီး (၅) ဦးနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးဘာသာရပ်တွင် အမျိုးသား (၆) ဦး၊ အမျိုးသမီး (၅) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)