ဟိုပုံး အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန်အတွက် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က စတင်၍ ပြည်ထောင်စုလမ်းမကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် လမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်လာသူများအား ဒဏ်ငွေ ၂၀၀ ကျပ် စီ ကောက်ခံ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေအိမ်မှပြင်ပထွက်ခွာသူများဈေးနှင့် လူစုလူဝေးနေရာ များသို့ သွားရောက်ပါက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများသည် ဒဏ်ငွေ ၂၀ဝကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ဟိုပုံးမြို့ပေါ်ရပ်ကွက်အတွင်း သွားလာနေသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းသူနှင့် လိုက်ပါလာသူများနှင့် လမ်းသွားလမ်း လာများအနက် နှာခေါင်းစည်း (Mask) မတပ်ဆင်လာသူ များ ကို ဒဏ်ငွေ ၂၀၀ ကျပ် ကောက်ခံရာ တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မှ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးခြင်းများဆောင်ရွက်ပြီး အိမ်လိပ်စာယူခြင်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်ယူခြင်း များဖြင့် ဒဏ်ငွေများကောက်ခံ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)