ရသေ့တောင်မြို့ အ.ထ.က(၁)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရသေ့တောင် ဩဂုတ် ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က အ.ထ.က(၁) ကျောင်းဆောင်၌ ပြုလုပ်ကျင်းပသည်။

 ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းအုပ်ကြီးကိုယ်စား တာဝန်ခံ‌ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှနုရီမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်သိန်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး၊ ဉာဏ်ပညာထက်မြက်စေရေးအတွက် အားကစားနည်းများကို အားလပ်ချိန်တွင် အကျိုးရှိရှိ အသုံးချကြစေရေးအတွက် အားကစားကဏ္ဍဆိုင်ရာ အသိပညာ ဗဟုသုတများကို ဆွေးနွေးပြောကြားခဲ့သည်။   ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌ကျော်သူဟိန်းက ဗလ(၅)တန်နှင့် အချိန်တန်ဖိုး အကြောင်းများအား ရှင်းလင်း‌ပြောကြားပြီး ကျောင်းသာလူငယ်များအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတများ ကြွယ်ဝပြီး၊ ဘက်စုံထူးချွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန် သုတ၊ ရသစာပေများကို လေ့လာဖတ်ရှုကြရမည့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား‌ သောစာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။

အဆိုပါ လူငယ်ရေးရာ ဟောပြောပွဲသို့ အ.ထ.က(၁)ကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ(၁၂၀)ဦး တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)