ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်

ရသေ့တောင်  ဩဂုတ် ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် ထောက်ပံ့ထားသော ပစ္စည်းများ လက်ခံရရှိခြင်းရှိ/ မရှိနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါသည့်အဖွဲ့သည် ဩဂုတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ပြင်ရှည်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လိုက်ပါသည့် အဖွဲ့သည့် ရသေ့တောင်မြို့နယ် ပြင်ရှည်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် စဖိုကျွန်းကျေးရွာဘုန်းတော်ကြီးကျောင်း တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းပြီးနောက်ပိုင်းတွင် ထိခိုက်ပျက်စီးမှုများ ပြားခဲ့သည့်အတွက် နိုင်ငံတော်၏ စီစဉ်ပေးမှုဖြင့် စားရေရိက္ခာ၊ တည်ဆောက်ရေးပစ္စည်းများကို အချိန်မီ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ဖြစ်စဉ်အစ၌ ဒေသခံပြည်သူအားလုံးကို ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် A,B,C အုပ်စုသုံးခုခွဲ၍ ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပါကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျ ခွဲဝေသုံးစွဲကြစေလိုကြောင်း၊ တည်ဆောက်ရေးများကို ဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ရသေ့တောင်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသောဒေသဖြစ်၍ မိုခါမုန်တိုင်းပြီး နောက် တစ်ဧကလျှင် တင်းတစ်ရာကျော် ထွက်သည့် မျိုးစပါးများကို နိုင်ငံတော်က ထောက်ပံ့ခဲ့ရာတွင်လည်း မြို့နယ်အတွက် စပါးတင်းငါးသောင်းကျော် ရရှိခဲ့ပါကြောင်း၊ ၎င်း မျိုးစပါးများကို စနစ်တစ်ကျစိုက်ပျိုးကာ အသုံးပြုကြစေလိုကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အမှာစကားပြောကြား စဉ်ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရသေ့တောင်မြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုခါမုန်တိုင်းပြီးနောက်ပိုင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးကြရာ ဒေသခံပြည်သူများက ကျေးရွာအလိုက် အခက်အခဲ၊ လိုအပ်ချက်များကို တင်ပြကြသည်။

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ဒေသခံပြည်သူများ၏ တင်ပြ ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို အသေးစိတ် ဆွေးနွေးတင်ပြကာ ထောက်ပံ့ရေးပစ္စည်းများကို ကျေးရွာတာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)