နမ္မတူ ဩဂုတ် ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစိုးမောင်က အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ သတိပြု လိုက်နာဆောင်ရွက်ရန်များအား အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က ပလတ်စတစ်ဆိုသည့် အဓိပ္ပာယ်၊ ပလတ်စတစ် ဖြစ်ပေါ်လာပုံ၊ ပလတ်စတစ်များကို တွင်တွင်ကျယ်ကျယ်အသုံးပြုသည့် အကြောင်းအရင်းများ၊ ပလတ်စတစ် ညစ်ညမ်းမှုဖြစ်ပေါ်လာပုံ စသည်ဖြင့် ပလပ်စတစ်သုံးစွဲမှုလျော့ချရေး နည်းလမ်းများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် မြို့နယ်ရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင် (၇၀) စောင်အား ဖြန့်ဝေခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး၊ မူယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)