ကျောက်တော် ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)တွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမဆောင်အတွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်တော်မြို့နယ်၊ မြို့နယ်ရဲမှူး ရဲမှူး သိန်းဇော်ဦးက ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် အကြောင်းအရာများနှင့် ပတ်သက်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ ၊ မူးယစ်ဆေးဝါးသုံး စွဲပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ ပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့မစခန်းမှူး ဒုရဲမှူး ခင်မောင်သန်းက လူကုန်ကူးမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ အခြားကာမဆိုင်ရာ ကိစ္စများအား ပြုလုပ်စေခြင်း၊ ကျွန်ပြုခြင်း၊ အမျိုးသမီးများ အပေါ် လူကုန်ကူးမှု အခြေအနေများ၊ တရုတ်နိုင်ငံသို့ ရောင်းစားပြီး တရားမဝင် ပေါင်းသင်းနေထိုင်မှုများ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံးပြုနေမှုများ၊ ကလေးသူငယ်၊ လူငယ်များနှင့် အမျိုးသမီးများအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှု၊ ပြစ်ဒဏ်များ ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူးမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ဥပဒေအရာရှိ ဦးညိုမင်းနိုင်က ဥပဒေနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ အရေးယူဆောင်ရွက်ခြင်းစသည့် အကြောင်း အရာများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ဥပဒေအရာရှိ၊ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)မှ ကျောင်းအုပ်ဆရာကြီး ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်မောင်ထွန်း၊ ကျောက်တော်(ပြန်/ဆက်)