ဟိုပုံး ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ တဖူးကိုင်းကျေးရွာတွင် စိုက်ပျိုးထားရှိသည့် Marigold (ခေါ်) ထပ်တစ်ရာပန်းများ စမ်းသပ်စိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
အဆိုပါထပ်တစ်ရာပန်းကို ဧပြီလ(၂၆)ရက်နေ့တွင်စတင်ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း(၂၅-၃၀)ရက်မှာ စိုက်ပျိုးမည့်မြေနေရာသို ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ပျိုးပင်များကို ဘိုကာရှီသဘာဝမြေဩဇာဖြင့် စိုက်ပျိုးခြင်းဖြစ်ပြီး ဩဂုတ်လတွင် ပန်းများလှိင်လှိင်ဖူးပွင့်၍ ခူးဆွတ်ရောင်းချရပြီဖြစ်ကြောင်း၊ ပန်းများကို ၈ရက်လျှင်တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ပိဿာလျှင်(၆၅၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် ပန်းတစ်ဧကတွင် ပိဿာ(၁၅၀)ဝန်းကျင်ထွက်ရှိကြောင်း၊ မိုးရာသီတွင် မိုးရွာသွန်းမှုများပြားပါက ပန်းများအတွင်း မိုးရေဝင်ရောက်မှုအား စမ်းသပ်၍ စုစုပေါင်းထွက်ရှိသည့် ပန်းတန်ချိန်ပေါ်မှ ပြန်လည်နုတ်ယူပေးသွင်းရကြောင်း၊ ထပ်တစ်ရာပန်းဝတ်ဆံကို ဆေးဖော်စပ်ရာမှာ အသုံးပြုပြီး တိရစ္ဆာန်အစာအတွက်လည်း ပြန်လည်အသုံးပြုရန် အဓိကစိုက်ပျိုးကြောင်း၊ ယခုစမ်းသပ်စိုက်ခင်းမှ တတိယအကြိမ်မြောက် ပန်းများ ခူးဆွတ်နိုင်မည်ဖြစ်ပြီး အထွက်နှုန်းကောင်းမွန်သဖြင့် စမ်းသပ်စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် အခြားသီးနှံများ စိုက်ပျိုးခြင်းထက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်းကို ထပ်တစ်ရာပန်းစိုက်တောင်သူထံမှ သိရသည်။
Marigold ခေါ် ထပ်တစ်ရာပန်းကို ဒီပါလီ၊ ရွှေတစ်ဆုပ်၊ ကုလားပန်းဟု ဒေသအလိုက် အမျိုးမျိုးခေါ်တွင်ကြပြီး တရုတ်နိုင်ငံသို့ တင်ပိုရောင်းချခြင်းဖြစ် ကြောင်း၊ ထပ်တစ်ရာပန်းကို နှစ်စဉ်စိုက်ပျိုးပါက ဝင်ငွေလည်ပတ်စီးဆင်းနိုင်ခြင်း၊ ထိုအပြင် စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး ခရီးသွားပြည်သူများ လာရောက် လည်ပတ်အပန်းဖြေခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်းများဖြင့် ခရီးသွားပြည်သူများကို စွဲဆောင်နိုင်ခြင်းကြောင့် ဒေသဖွံဖြိုးရေးကို အထောက်အကူဖြစ်စေပြီး ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းကြောင့် စိုက်ပျိုးသင့်သည့် ဒေသထွက်ကုန်တစ်မျိုး ဖြစ်လာနိုင်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)