ပူတာအို ဩဂုတ် ၃၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် တောင်သူများအား မျိုးကောင်းမျိုးသန့် ဖြန့်ဝေပေးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ် စိုက်ခင်းအား စပါးအထွက်နှုန်းတိုးတက်လာစေရေးအတွက် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ကွင်းသရုပ်ပြကြဲပက်ခြင်းကို ဩဂုတ်(၃၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်းရှိ မြို့နယ်စိုက်ပျိုးရေးဌာနပိုင် လယ်မြေငါးဧက၌ ကျင်းပသည်။
ထိုသို့ ကွင်းသရုပ်ပြသရာတွင် ပူတာအိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ရေရှည်တည်တံ့ပြီး ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုလျော့ချပြီး သဘာဝမြေဩဇာများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲရန်လိုအပ်ကြောင်း၊ မြေဆီလွှာကျန်းမာရေး ပိုမိုကောင်းမွန်၍ ကုန်ကျစရိတ်သက်သာကာ တောင်သူများအသုံးပြုနိုင်သည့် လယ်ယာမြေများအတွက် ကောင်းမွန်စေရန်ရည်ရွယ်၍ ကွင်းသရုပ်ပြသရခြင်း ဖြစ်ကြောင်းနှင့် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ပုံ အဆင့်အဆင့်တို့ကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိုးကျရောစပ်သုံးစွဲနိုင်ရေးအတွက် တောင်သူများအား ပုလဲဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩ ဇာကွင်းသရုပ်ပြကြဲပက်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများ၊ တောင်သူများက လေ့လာကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)