မိတ္ထီလာမြို့နယ် မုန်တိုင်ရေလှောင်တမံ ရေထုတ်ပြွန်အထွက် ချောင်းမချောင်းထိပ် မြေထိန်းနံရံနှင့် လိုင်နင် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ  သြဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မုန်တိုင်ရေလှောင်တမံ ရေထုတ်ပြွန်အထွက် ချောင်းမချောင်းထိပ် မြေထိန်းနံရံနှင့် လိုင်နင်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း  ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  မုန်တိုင်ရေလှောင်တမံမှ မိတ္ထီလာကန်သို့ နှစ်စဉ်ရေကူချပေးနေသည့်အတွက် ချောင်းမချောင်း၏ ဘေးမြေထိန်းနံရံနှင့် ချောင်းကြမ်းခင်း ရေတိုက်စားမှုများ ဖြစ်ပေါ်နေသဖြင့်  ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အရှည် ၈၅ ပေ၊ အကျယ် ပေ ၈၀ ရှိ ချောင်းမချောင်းထိပ် ချောင်းကြမ်းခင်းနှင့် မြေထိန်းနံရံပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မုန်တိုင်ရေလှောင်တမံမှ မိတ္ထီလာကန်သို့ နှစ်စဉ် ရေကူချပေးနေသည့် ချောင်းမချောင်း၏ ဘေးမြေထိန်းနံရံနှင့် ချောင်းကြမ်းခင်း ရေတိုက်စားမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။                                                    

သိန်းမြင့်ကျော်(မိတ္ထီလာ)