ဟိုပုံး အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိ ရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ပါရှိနိုင်ရေး နိုင်ငံသားစိစစ် ရေးကတ်ပြားမရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ပြလုပ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေအိမ် ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသော ပြည်သူ (၁၀၉) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီး ပေးအပ် ခဲ့ကြကြောင်း သိရသည်။ ဟိုပုံးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂) အုပ်စု တို့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသော ပြည်သူ(၂၀၀၀)ကျော်ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများတွင်လည်း ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)