ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကဒူးစိုက်ပျိုးရေပေးမြောင်းပေါ်ရှိ ကုန်ထုတ်တံတားတစ်စင်းအား ၂၀၂၃-၂၀၂၄ ဘာဏ္ဍာနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကဒူးစိုက်ပျိုးရေပေးမြောင်းပေါ်ရှိ ကုန်ထုတ်တံတားသည် မြဉ္ဇူခြံကျေးရွာအနီးတွင် တည်ရှိပြီး တည်ဆောက်ထားသည်မှာ နှစ်ကာလကြာမြင့်မည်ဖြစ်ပြီး ကမ်းကပ်ခုံများ ပျက်စီးလျက်ရှိပြီး တံတားကြမ်းခင်းများ ခိုင်ခန့်မှုမရှိခြင်း၊ ယာဉ်သွားလမ်းအကျယ် ကျဉ်းမြောင်းပြီး သွားလာရာတွင် အန္တရာယ်ဖြစ်နိုင့်သည့် အနေအထားတွင်ရှိသဖြင့် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၆.၀၀၀)သန်းဖြင့် အလျား(၁၆)ပေ၊ အကျယ်(၁၅)ပေ၊ အမြင့်(၅.၅)ပေ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကုန်ထုတ်တံတား ပြန်လည်ပြုပြင်ပေခြင်းဖြင့် မြဉ္ဇူခြံကျေးရွာမှ ပြည်သူများနှင့် ဒေသတွင်းတောင်သူများ၏ စိုက်ပျိုးရေထွက်ကုန်များနှင့် အခြားကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း အလွယ်တကူ သယ်ယူနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)