မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆောင်ရွက်

မိုးနဲ ဩဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို  ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စစ်‌ကျောင်းကြီးငါးကျောင်းဖြင့် ကွင်းဆင်းအသိပေး ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိပြီး ပြည်သူများယုံကြည် အားကိုးလာစေရေး ဆောင်ရွက်ကြရန် ၊ဝန်ထမ်းနှင့်မိသားစုဝင်များ လုံခြုံရေးအသိ/သတိဖြင့်သွားလာကြရန်၊ မိုးရာသီမြို့နယ်အဆင့် အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ပါဝင်ကူညီအားဖြည့်ပေးနိုင်ရေးနှင့် ဌာနများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များအား ဆွေးနွေးပေးကြရန် စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးသန်းအောင်ကမှုခင်းကျဆင်းရေး၊ ယာဉ်အန္တရယ်/လမ်းအန္တရာယ် သတိပြဆောင်ရွက်နိုင်ရေးကိုလည်း‌ကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးမှူး ဦးကျော်ကျော်ခိုင်က ဇီဝဆိုင်ရာအချက်အလက်နှင့်လူဦးရေ၊ အချက်အလက်ကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကူညီပေးနိုင်ရေးကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်စူးစူးမာက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဌာနအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ အတည်ပြုနိုင်ရေးကိုလည်းကောင်း၊ မြို့နယ်ကုသ‌ရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပူး‌ပေါင်းဆောင်ရွက်သွားနိုင်ရေးကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အသစ်ဆောက်လုပ်မည့် အ‌ဆောက်အဦများနှင့်စပ်လျဥ်း၍ စည်ပင်ခွန်ကောက်ခံမည့် အခြေအနေများကိုလည်းကောင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)