နေပြည်တော် ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ကုန်ထုတ်လုပ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုများအသင်း(UMFCCI)၊ နေပြည်တော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (NCCI)၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း နေပြည်တော်(MSME)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွန်ချက်များနှင်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပါအဝင် ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ နေပြည်တော်အတွင်းအစိုးရဌာနအဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများအကြား ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ မူဝါဒနှင့် လုပ်ထုံး လုပ်နည်းများ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများ၊ စီးပွားရေးဝန်းကျင်ကောင်းဖြစ် ပေါ်ရေး ဖန်တီးဖော်ဆောင်နေမှုအခြေအနေများကို လုပ်ငန်းရှင်များ ပိုမိုနားလည်သိရှိနိုင်ရေးအတွက် ယခုဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ယနေ့ဆွေးနွေးပွဲကတစ်ဆင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ၊ အခွင့်အလမ်းများနှင့်ကုန်သွယ်မှု အခွင့်အလမ်းများကို ပိုမိုသိရှိ နားလည်လာပြီး မိမိတို့၏လုပ်ငန်းများ၊ ဆက်စပ်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လာနိုင်မှာဖြစ်ပါကြောင်း၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍကနေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ပိုမိုစနစ်ကျကောင်းမွန်သည့် ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆီသို့ ဖွံ့ဖြိုးတိုးတက်လာရေးဌာနအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးများနှင့်တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများကို လည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က Investment & Trade Opportunities in Nay Pyi Taw နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်ဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက မေးမြန်းချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)