မိုးနဲ သြဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့နံနက် ၈ နာရီအချိန်က စတင်ကာ (OSS)One Stop Shop ပြည်သူ့ဝန်ဆောင်မှုရုံး၌ မိုးရာသီစိုက်ပျိုးချေးငွေများကို မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးချေးငွေများ ထုတ်ချေးခြင်းကို တစ်ရက်တာဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးတောင်သူများ လယ်/ယာမြေစိုက်ပျိုးချိန် ပိုမိုအဆင်ပြေမှုရှိစေရန်၊ အရင်းအနှီးရရှိသည့်အတွက် မျိုးကောင်းမျိုးသန့်များ ဝယ်ယူစိုက်ပျိုး၍ အထွက်နူန်းပိုမိုကောင်းမွန်စေရန်၊ စိုက်ပျိုးသီးနှံများကို မိုးနဲမြို့နယ်အပြင် ပြည်တွင်း၌ပါ ဖြန့်ဖြူးရောင်းချနိုင်သည်အထိ တိုးချဲ့စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးတောင်သူများ၏ လူနေမှုဘဝပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ပြီး စပါးတစ်ဧကလျှင် ကျပ် ၁ သိန်းခွဲ၊ ပြောင်းတစ်ဧကလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးဇော်မင်းခိုင်၏ ဦးစီးမှုဖြင့် လာရောက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးချေးငွေများကို ၆ လတစ်ကြိမ်နှုန်း ထုတ်ချေးပေးလျက်ရှိပြီး ၁ နှစ်လျှင် (၂)ကြိမ်နှုန်း ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်ထုတ်ချေးကြသည့် မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာနေစိုက်ပျိုးတောင်သူများက ချေးငွေထုတ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်နှင့်အတူ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ မြေယာပိုင်ဆိုင်ကြောင်း အထောက်အထားပုံစံ(၇)တို့ကို ယူဆောင်လာမှသာလျှင် ထုတ်ချေးပေးလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)