ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းဆောင်သစ် အန္တရာယ်ကင်းပရိတ်တရားနာ အခမ်းအနားကျင်းပ

ကာလိ ဩဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းဆောင်သစ် အန္တရာယ်ကင်း ပရိတ်တရားနာ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ဆရာတော် အရှင်ဇာဂရမှ ငါးပါးသီလဆောက်တည်ကြပါသည်။ ဆက်လက်၍ ကာလိမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းမှ ပင့်သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး ဆရာတော် သံဃာတော်များအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်အရှင်ဇာဂရက ဝါဆိုသင်္ကန်းကပ်လှူရခြင်း အကျိုးတရားတော်များကို ချီးမြှင့်ဟောကြားပေး၍ ကုသိုလ်များကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြရာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းကြပြီး ကြွရောက်လာကြသည့် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစုက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာမျာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်၊ဆက်)