စစ်တွေ ဩဂုတ် ၃၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါတွင်းကာလ လပြည့်အဖိတ်နေ့တိုင်း သံဃာအပါး (၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်လောင်းလှူကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က လောကာနန္ဒာစေတီတော် မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဦးဆောင်ကာ ကြွရောက် တော်မူကြသော ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူကြသည်။ ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲသို့ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သံဃာများနှင့် သာမဏေများ၊ သီလရှင်များကြွရောက်တော်မူကြပြီး ဆွမ်းဆန်တော်များအလှူခံကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စေတီတော်အတွင်း၌ ဆွမ်းဆန်တော် လောင်းလှူနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆွမ်း၊ ဆန်တော် လောင်လှူခြင်းနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က “စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလအဖိတ်နေ့တွေမှာ ပြုလုပ်ကြပါတယ်၊ ကျွန်တော်တို့ ဌာနကလည်း ဝန်ထမ်းတွေ စုပေါင်းပြီးတော့ ဆွမ်းဆန်တော်နဲ့ လူဖွယ်ဝတ္ထုတွေကို လောင်းလှူကြပါတယ်၊ ရဟန်း၊ သံဃာတွေ ဝါတွင်းကာလမှာ ဆွမ်းဝေယာဝိစ္စ အဆင်ပြေစေဖို့ အခုလိုစုပေါင်းပြီးတော့ ကုသိုလ်ဒါနပြုလုပ် ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်၊ နောက်လာဖို့ လပြည့်ဥပုသ်နေ့မတိုင်မီ အဖိတ်နေ့တွေမှာလည်း စုပေါင်းလောင်းလှူနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ဆွမ်း၊ ဆန်တော်လောင်လှူပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ လှူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များကလည်း ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)