မူဆယ် ဩဂုတ် ၃၁
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ပြောင်မြောက်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ် ၂၉ ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မူဆယ်မြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သန်းဦးက ကျောင်းသား/သူများကို အသိပညာဗဟုသုတတိုးတက်မြင့်မားစေရန်နှင့် အနာဂတ်တွင်ထူးချွန်သော နိုင်ငံသားကောင်းများဖြစ်ပေါ်လာစေရန် ယခုကဲ့သို့ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူဆယ်မြို့နယ်၊ အားကစားမှူး ဦးမြင့်ထွေးကလည်း လူငယ်စကားဝိုင်းတွင် ကျောင်းသား/သူများအား အားကစားနှင့်ကာယပညာ ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အတူ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်မှူး ဦးအယ်လ်စိုးထန်တူးက လူငယ်လူရွယ်တို့အတွက် စာပေနှင့်ပညာရေး၊ အားကစားနှင့်ကျန်းမာရေးတို့အပြင် အနာဂတ်ရည်မှန်းချက်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မူဆယ်မြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှု ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်ကလည်း ကျောင်းသား/သူများအား လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၇)ဦးတို့က “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့်ပညာရေး”၊ “လူငယ်နှင့်အားကစား”၊ “လူငယ်နှင့်ကျန်းမာရေး” စသည့်ခေါင်းစဉ်အသီးသီးဖြင့် လူငယ်စကားဝိုင်းတွင် မိမိတို့၏အတွေးအခေါ်၊ ထင်မြင်ယူဆချက်တို့ကို ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသော ကျောင်း/သူများကလည်း အဆိုပါ ခေါင်းစဉ်များအောက် ထပ်ဆင့်ဆွေးနွေးလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်မှူး ဦးအယ်လ်စိုးထန်တူးနှင့်တကွ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုသန်းတို့က လူငယ်စကားဝိုင်းတွင် ဆွေးနွေးသွားကြသော ကျောင်းသား/သူများကို ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရ ပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)