သံဖြူဇရပ်မြို့နယ်၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

သံဖြူဇရပ် ဩဂုတ် ၃၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး မြန်မာ့ရိုးရာစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့ နံနက်၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအဖွဲ့ဝင် (၂) ​မြို့နယ် ပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ခေါင်းဆောင်ဦးအောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းက မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပြုလုပ်ရခြင်း၏ ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ အကဲဖြတ်ဒိုင်တစ်ဦးမှ အမှတ်ပေးစည်းမျဥ်းများ ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်း အခြေခံပညာအဆင့် အသက် (၁၀-၁၅) နှစ်အတွင်း အမျိုးသား/အမျိုးသမီးအဆို၊ အသက် (၁၅-၂၀) နှစ်အတွင်း အမျိုးသား/အမျိုးသမီးအကဖြင့် ဝါသနာရှင်ကျောင်းသား၊ ကျောင်းသူ (၄၈) ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင်ဆုရပညာရှင်များအား ပြည်နယ်အဆင့်ပြိုင်ပွဲများသို့ တက်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)