မန္တလေး အောက်တိုဘာ ၁၅
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊၆၂လမ်းနှင့်ရတနာလမ်း(၁၃၁)ထောင့်ရှိ ယူနိုက်တက်အမရ ဘဏ်တွင် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီ ခွဲခန့်က ဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ ငွေကျပ်သိန်း(၂၀၀) ယူဆောင်သွားကြောင်း သိရပြီး ဘဏ်ဓါးပြတိုက်သူစီးနင်းလာသည့် မော်တော်ယာဉ်အား ညနေ ၅ နာရီ ခွဲခန့်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယူနိုက်တက်အမရဘဏ်သို့ (MARK-II)အဖြူရောင်ယာဉ်အမှတ် (MDY/-----) ယာဉ်ပေါ်မှ အပေါ်အင်္ကျီ အဖြူရောင်၊ ဘောင်းဘီနက်ပြာရောင်၊ အနက်ရောင်ဆိုင်ကယ်ဦးထုပ်ဆောင်၍ နှာခေါင်းစီးအနီရောင် တပ်ဆင်ထား သည့် အမည်မသိလူတစ်ဦးဆင်းလာခဲ့ပြီး ဘဏ်အတွင်းဝင်ရောက်ခဲ့ကြောင်း၊ ဘဏ်အတွင်း ရောက်ရှိသည့်အခါ အမည်မသိလူမှ ဘဏ်လုံခြုံရေးနှင့်စကားပြောကြား၍ အသင့်ယူလာသော သေနတ်ဖြင့် စတင်ချိန်ရွယ်၍ ဘဏ်ငွေခန်း ဘက်သို့ သွားရောက်သွားရောက်ကာ ဘဏ်ဝန်ထမ်းမိန်းကလေးထံမှငွေထုတ်အား တောင်းခံ၍ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ဘဏ်အတွင်းမှ ထွက်ခွာပြီး ၎င်းစီးနှင်းလာသည့် မော်တော်ယာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ခွဲအချိန်တွင် ဘဏ်ဓါးပြတိုက်ခဲ့သူစီးနင်းခဲ့သည့် မော်တော်ယာဉ်အား ပြည်ကြီးတံခွန်မြို့နယ် (က)ရပ်ကွက်၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြား၊ ၆၉(A)လမ်းပေါ်တွင် ကား၏ အတွင်းခန်း အရှေ့/အနောက်တို့အား မီးရှို့ထားသည့် ပုံစံဖြင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်း စာအရသိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘဏ်ပိုင်ငွေကျပ် သိန်း(၂၀၀)အား လုယူခံခဲ့ရပါကြောင်းနှင့် တရားခံ ဖမ်းဆီးရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ပူးပေါင်းစုံစမ်းရှာဖွေလျက်ရှိကြောင်း ကြေးနန်းစာအရသိရသည်။
ခရိုင်ပြန်/ဆက်